Wednesday, September 12, 2012

အမေး အဖြေ (၁၀)


Akasuki (akasuki87@gmail.com) နှင့် အပြန်အလှန်-

Akasuki : Sat, August 20, 2011 9:35:15 PM

သာဝကကြီး အစ်ဗ်နို့်အို့မရ် သခင်ထံမှ တဆင့်ကြားသိရ၏။ ထိုသာဝကကြီးက ပြောပြ၏။ တမန်တော်မြတ် (ဆွ) က မိန့်ကြားတော်မူသည် “အရာခပ်သိမ်းကုန်တို့သည် တက်က်ဒီရ် အတိုင်းပင်ဖြစ်သည်။ ယုတ်စွအဆုံး အသိ ဥာဏ်ရှိမှုနှင့် အသိဥာဏ်မဲ့သည်ပင် (သက္ကဒီရ် အတိုင်းဖြစ်သည်။)

ဃာဇီဟာရှင်၏ တမန်တော်မြတ် သြ၀ါဒတော် ကျမ်း ဟဒစ် အမှတ် (၇၃)

အဲ့ဒါကို ဖတ်ပြီးတော့ စိတ်ထဲမှာ ဘ၀င်မကျမိဘူးဖြစ်နေတယ်… ငယ်ငယ်က ကလေမာဖတ်တိုင်း  အဆိုး အကောင်း ဟူသမျှသည် အလ္လာဟ်ရှင့် ဘက်တော်မှ ဖြစ်သည် ဆိုတာကို လေးလေးနက်နက် စဉ်းစားခြင်း မရှိခဲ့ ပါ… ကျောင်းမှာသင်လို့ လိုက်ဆိုတာမျိုးလောက်ပေါ့… ခု သက္ကဒီရ်အကြောင်းကို လေ့လာကြည့်တော့ ကိုယ့် စိတ်အရင်းခံနဲ့ အစ္စလာမ်ကပြတဲ့ သက္ကဒီရ်ယုံကြည်မှုက မတူဘူးဖြစ်နေတယ်… ဘာသာဝင်ဖြစ်ပေမဲ့ သေချာ မလေ့လာမိတော့ ကိုယ်ယုံကြည်တာက ဘာလဲဆိုတာကိုတောင် ခုမှ သတိထားမိတယ်…

တခုခုက ကျတော့စိတ်က သက္ကဒီရ် ကို လက်မခံနိုင်အောင်တားထားတယ်… ကျတော် လက်မခံနိုင်သေးပါ… အကြောင်းရင်းက လူတယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး ကြိုးစားအားထုတ်မှုတွေ ပျောက်နေတယ်လို့ ထင်မိ တယ်… သက္ကဒီရ် က ကောင်းတာလုပ်ရင် ကောင်းတာ ရမယ်ဆိုတာထက်.. ကောင်းတာလုပ်လည်း မကောင်း တဲ့ သက္ကဒီရ်ကြောင့် ကောင်းတာ ရချင်မှရမယ်ဆိုတဲ့ သဘောကို တွေ့နေရတယ်… ကျတော့် သဘောပေါက်မှု ကို ပြောခြင်းပါ…ကျတော် မှားနေတယ်ဆို ပြင်ပေးလို့ရပါတယ်

ဟဒစ်တခု ပြပါဦးမယ်.. ကျတော် တင်ပြဆွေးနွေးတယ်ဆိုတာထက် ကျတော့်ရဲ့ နားမလည်မှုကို ဖြေရှင်းရုံ သက်သက်ပါ…

သာဝကကြီး အဗူဟို့ရိုင်ရဟ်သခင်ထံမှ တဆင့်ကြားသိရ၏။ ထိုသာဝကကြိးက ပြောပြ၏ တမန်တော် (ဆွ) က မိန့်ကြားတော်မူတယ်။ ဘခင်ကြီး အာဒမ်သခင် နှင့် တမန်တော် မူစာသည် (၀ိညာဉ်လောကတွင်) ၄င်းတို့ ၏ အသျှင်သခင်ထံတော်ပါးမှာ အချင်းချင်းအချေအတင် စကားပြောဆိုခဲ့ကြရာ ဘခင်ကြီး အာဒမ်သည် တမန် တော် မူစာအား နိုင်ခဲ့လေသည်။ တမန်တော်မူစာက (ဘခင်ကြီး အာဒမ်အား) ပြောဆိုသည်မှာ. အသင်သည် အကြင်အာဒမ်ဖြစ်ပါသည်။ အသင့်အား အလ္လဟ်အသျှင်မြတ်သည် မိမိ၏ လက်တော်ဖြင့် ဖန်ဆင်းတော်မူခဲ့ သည်။

ထိုအသျှင်မြတ်သည် မိမိဖန်ဆင်းထားတော်မူသော ၀ိညာဉ်ကို အသင့်အတွင်းသို့ မှုတ်သွင်းတော်မူခဲ့သည်။ မိမိ ၏ကောင်းကင်တမန်များကို အသင့်အား ဦးချစေတော်မူခဲ့သည်။ ထို့ပြင်တ၀ ထိုအသျှင်မြတ်သည် အသင့်အား ဂျနတ်ဥယျာဉ်မြတ်တွင် နေထိုင်စေတော်မူခဲ့သည်။

ထို့နောက်သော်မှ အသင်သည် လူသားတို့အား မိမိ၏ပြစ်မှုကြောင့် ကမ္ဘာမြေပြင်သို့ ဆင်းသက်စေခဲ့ပါသည်။

“ဘခင်ကြီးအာဒမ်က (တမန်တော်မူစာအား ပြန်လည်ချေပသည်မှာ)” အသင်သည် အကြင်မူစာဖြစ်ပါသည်၊ အသင့်အား အလ္လဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်အဖြစ်တည်းဟူသော ဂုဏ်ဖြင့် ရွေးချယ် မြှောက်စား တော် မူခဲ့သည်၊ ၄င်းအပြင် ထိုအသျှင်မြတ်သည် အသင့်အား (တောင်ရာတ်၏) သင်ပုံးများကို ပေးသနားတော် မူခဲ့သည်၊ ထိုသင်ပုံးများတွင် အရာခပ်သိမ်းတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းချက်များ ပါရှိသည်၊ ထိုပြင်တ၀ ထို အရှင်မြတ်သည် အသင့်အား တီးတိုးစကား ပြောကြားတော်မူရန် (မိမိထံတော်ပါးသို့) ချဉ်းကပ်စေတော် မူခဲ့ သည်၊ သို့ဖြစ်ရာ ကျွနုပ်ဖန်ဆင်းခြင်းခံရမီ အလ္လဟ်အသျှင်မြတ်သည် တောင်ရာတ်ကျမ်းကို အဘယ်မျှသော ခေတ်အခါကာလအလျင်က ရေးထားတော်မူသည်ကို အသင့်တွေ့ရှိလေသလော”  ထိုအခါ တမန်တော် မူစာက ”နှစ်ပေါင်းလေးဆယ် အလျင်” ဟု ဖြေကြားလေသည်၊ ထိုအခါ ဘခင်ကြီးအာဒမ်က ထိုတောင်ရာတ်ကျမ်းတွင် ”အာဒမ်သည် မိမိ၏အရှင်အား သွေဖည်ခဲ့သည် သို့ဖြစ်ရာ သူသည် လမ်းမှားသွားခဲ့သည်” ဟူသော မုက္ခပတ် တော်ကို တွေ့ရှိလေသလောဟု မေးမြန်းရာ တမန်တော်မူစာက “ဟုတ်ကဲ့ တွေ့ခဲ့ပါသည်“ ဟုဖြေကြားလေ သည်၊ ထိုအခါ ဘခင်ကြီးအာဒမ်က “အသင်သည် ကျွန်ုပ်အား အကြင်ကိစ္စတခုနှင့် စပ်လျဉ်းပြီး အသို့လျှင် အပြစ်တင်လိုသနည်း၊ ထိုကိစ္စကို ကျွန်ုပ်ပြုလုပ်ရန် အလ္လဟ်ရှင်မြတ်က ကျွန်ုပ်အား ဖန်ဆင်းတော်မမူမီ နှစ်ပေါင်း လေးဆယ်ကပင် ရေးမှတ်ထားတော်မူပြီးဖြစ်သည်ဟု ချေပပြောဆိုလိုက်ပေသည်။ တမန်တော်မြတ်(ဆွ) က သို့ရှိရာ ဘခင်ကြီး အာဒမ်သည် တမန်တော်မူစာအား နိုင်သွားခဲ့လေသည်ဟု မိန့်ကြားတော်မူလေသည်   (မွတ်စလင်မ်)

တမန်တော်မြတ်၏ သြ၀ါဒတော် (ဃာဇီဟာရှင်) ဟဒစ် အမှတ်၇၄

အထက်ပါ ဟဒစ်ပါ bold and large size စာသားတွေအရာ လူသားတွေက အာဒမ်အပြစ်လုပ်မိရာမှ ကမ္ဘာမြေ ကို အပြစ်လာခံနေကြရတာလား မေးခွန်းပါ…

နောက်တခုက အလ္လာဟ်ကိုယ်တော်တိုင် ရေးမှတ်ထားတဲ့ သက္ကဒီရ်က ဘာလို့ မျှတမှုမရှိရတာလဲ တချို့ကို ဂျနတ်အတွက် တချို့ ဂျဟမ်နမ်အတွက် ဖန်ဆင်းထားတယ်ဆိုတဲ့ ဟဒစ်လည်း ရှိပါသေးတယ် လူသားအနေနဲ့ ဂျနတ်နဲ့ ဂျဟမ်နမ်ကို ရွေးချယ်ခွင့်မရှိပါဘူး။ ဒါကို ဘယ်လိုနားလည်ရပါမလဲ ရှင်းလင်းပေးကြပါ… လူမှာ ဦးနှောက်နဲ့ အသိဥာဏ်အရ ကောင်းတာလုပ်ပြီး မကောင်းတာရှောင်ဖို့ဆိုတာလဲ မဖြစ်နိုင်ပါဘူး ဘာလို့လဲဆို တော့ အသိညာဉ်ရှိမှု မဲ့မှုတွေကပါ သက္ကဒီရ် ဖြစ်နေတော့ ဘယ်လိုမှကို နားမလည်နိင်ဘူး ဖြစ်နေတယ်..

အရှင်ကိုယ်တော်တိုင် ကောင်းမှု မကောင်းမှု လုပ်ဖို့ကို စီရင်ပြီးသားပါ.. ဘာအတွက်ကြောင့် အပြစ်ပေးရပါလဲ ဆွေးနွေးပေးပါ…


Ko Htay Lwin Oo : Tuesday, August 23, 2011 8:16 AM

သက္ကဒီးရ် تَقْديرُ

လူကြီးမင်း မေးတဲ့ မေးခွန်းလေးကို တစ်ပိုဒ်ချင်း မဖြေမှီ- သက္ကဒီးရ် (တက္ကဒီးရ်) ဆိုတာ ဘာလဲလို့ ဖွင့် ဆိုပါရစေ။ သက္ကဒီးရ် تَقْديرُ ဆိုတဲ့ ဝေါဟာရဟာ- قدر ကဒရ-က ဆင့်ပွားခြင်း ဖြစ်ပြီး ကုရ်အံကျမ်း တော်မှာ ဆင့်ပွား စကားလုံးပေါင်း ၁၃၂ ကြိမ် ဖေါ်ပြထားပါတယ်။ အဘိဓာန်တွေမှာတော့- (ပြုလုပ်၊ စွမ်းဆောင်) နိုင်သည်။ (တစ်စုံ တစ်ခု အပေါ်) လေးလေးနက်နက် ဆင်ခြင် စဉ်းစားသည်။ ကြိုတင် ဆင်ခြင် ဆုံးဖြတ်သည်။ ကြိုတင် သတိပေးသည်။ အတိုင်းအတာ စည်းချိန်- လို့ ဖြစ်ပါတယ်။ ဖြစ်တည် လာစေမယ့် အရာတစ်ခုကို ပရမ်းပတာ ဖြစ်တည်လာစေခြင်းမဟုတ်ဘဲ- အဲ့ဒီ ဖြစ်တည်လာစေမယ့် အရာအတွက် အနုစိတ် စည်းချိန်၊ စနစ် ဇယားလေးတွေကို အဆင့်ဆင့် အထပ်ထပ် ဥပဒေဘောင် များ ပြုပြင်စီမံပေးထားခြင်း ဖြစ်တယ်။

ကျမ်းတော်သုံး - قدر ကဒရ (ကဒရ်) ဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကို ၉၇း၁ မှာ ဖေါ်ပြထား တယ်။ ဆရာတော်ကြီးများကတော့ ဘာသာပြန်ခြင်းမရှိဘဲ လိုင်းလာတုကဒရ် လို့ မွေးစားစကားလုံးနဲ့ သုံးတာများပါတယ်။ ကျွန်တော့ ဘာသာပြန်မှာတော့ ဖွဲ့စည်းပုံည (ဖွဲ့စည်းပုံစည်းကမ်း ပြဌာန်းသည့် ည) လို့ ဘာသာပြန်ထားပါတယ်။ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ လူ့ဘောင်တစ်ခုကို ဘယ်လို ဥပဒေ စည်းကမ်းတွေနဲ့ တည်ဆောက်မယ်၊ ထူထောင်မယ်- ဆိုတာ၊ အရင်အဦး စည်းကမ်း၊ စည်းချိန် ချမှတ် ပြဌာန်းရပါတယ်။

ဥပမာ- မီးရဲ့ သဘောကို ပူစေရမယ့်လို့ ပြဌာန်းထားပြီး၊ ရေရဲ့ သဘောကို အေးစေရမယ့်လို့ ပြဌာန်းထားပြီး- ဖြစ် တယ်။ ဘယ်သူက မီးကိုကိုင်ကိုင် ပူမှာပဲ။ ဘယ်သူက ရေကို ထိထိအေးမှာပဲ။ မီးကို မီးအတိုင်းရှိစေ၊ ရေကို ရေ အတိုင်းရှိစေ- မောင်နီကိုင်ရင် ပူစေ၊ မောင်ဖြူကိုင်ရင် အေးစေလို့ ထိ၊ ကိုင်တဲ့အချိန်မှာမှ- ပူခြင်းကို အေးခြင်းကို ချက်ချင်းလက်ငင်း ဖန်တီးလိုက်တာ မဟုတ်ဘူး။

အလားတူပဲ- မြစ် တစ်ခုထဲကို လူတစ်ဦး ခုန်ချမယ်ဆိုရင်- သူဟာ မြစ်ရေရှိတဲ့ အနက်အတိုင်း နစ်မြုပ်ရမှာပဲ။ အဲ့ ဒီ မြစ်ရေမှာ- ကမ်းစပ်၊ အလယ်- အတိမ်အနစ်ကွာလိမ့်မယ်။ အတိမ်ပိုင်းလောက်ဆင်းရင် အတိမ်ပိုင်း လောက် နစ်မယ်။ ရေနစ်ပိုင်းထိ ဆင်းရင် သူ့ရှိတဲ့ အနစ်အတိုင်းနစ်မယ်။ အဲ့ဒီ အတိမ်အနစ်က ဘယ်သူ့ကိုမှ မျက်နှာ မလိုက်ဘူး။ ဒါက နဂိုရှိရင်းစွဲ ဂုဏ်အင်တစ်ခုပါ။ အဲ့ဒါကို အဲ့ဒီမြစ်အတွက် စည်းချိန်ပြဌာန်းပြီး သက္ကဒီးရ် လို့ ခေါ်ပါတယ်။

အဲ့ဒီ ပြဌာန်းပြီး သက္ကဒီးရ်ဟာ အရာအားလုံးအတွက် ရှိနေတယ်။ အရာအားလုံးအတွက် အလ္လာဟ်အရှင်က ပြဌာန်းထားပြီး ဖြစ်တယ်။ အလ္လာဟ် ဆွေဖတ်ဟ်တော်ကိုပင် အလ္လာဟ်အရှင်က ပြဌာန်းထားပြီး ဖြစ်တယ်။- ၆း၁၂ ကိုကြည့်ပါ- အလ္လာဟ်သည် မိမိစရိုက်တော်အား ကရုဏာ အဖြစ် ပြဌာန်းထားတော်မူ၏လို့ တရားဝင် ကြေငြာထားတယ်။

ဒီနေရာမှာ သတိထားရမှာက- ကျမ်းတော်မှာ “အလ္လာဟ်အရှင်သည် ခပ်သိမ်းကုန်အား စည်းချိန်ချမှတ်နိုင်တော် မူ၏ (သက္ကဒီးရ် ပြဌာန်းနိုင်တော်မူ၏)” ဆိုတဲ့ စကားလုံး အင်းနောလ္လာဟ အလာ ကုလိ ရှိုင်းအင်း ကဒီးရ်- လို့ မြောက်များစွာ ဖေါ်ပြထားတဲ့ အချက်ပါ။ ဒီစကားလုံးကို ယူပြီး- အလ္လာဟ်က လုပ်ချင်ရာကို လုပ်ချင်တိုင်းလုပ် နေတဲ့ အာဏာရှင်ပုံစံမျိုးဖြစ်အောင် ဆရာတော်ကြီးအများစုက ဖွင့်ဆိုနေတာကို ၀မ်းနည်းဘွယ် တွေ့ရှိရပါ တယ်။ တကယ်တော့ အဲ့ဒီဖွင့်ဆိုတဲ့ ဆရာတော်ကြီးတွေကလည်း အလ္လာဟ်ဆိုတာ ဘယ်လောက်ကြီးကျယ် တယ်။ ဘယ်လိုမျိုး လုပ်ဆောင်နိုင်တယ်လို့ လူပြိန်းကြိုက်စကားလုံးနဲ့ မွှမ်းနေတဲ့ သဘောပါ။

အလ္လာဟ်ဟာ အရာရာအားလုံးရဲ့ ပြဌာန်းရှင်၊ ကံကြမ္မာရှင် မှန်ပါတယ်။ လုပ်ချင်ရာကို လုပ်ဆောင်နိုင်စွမ်း ရှိပါ တယ်။ ဒါပေမယ့် အလ္လာဟ်ကိုယ်တိုင်က မိမိအတွက် ပြဌာန်းပြီး မိမိ သက္ကဒီးရ်ကို ဘောင်ကျော်ခြင်း မရှိပါ။ အဲ့ဒီ အချက်ကို ကုရ်အံ ၃၀း၃၀ မှာ “အလ္လာဟ်အရှင်၏ ဖြစ်တည်စေခြင်း (ဖန်ဆင်းပေးခြင်း) ဆိုင်ရာပညတ်၌ အပြောင်းအလဲ ကမောက်ကမ မရှိ၊” လို့ မိမိ၏ ဖန်ဆင်းခြင်းဆိုင်ရာ ဂုဏ်အင်ကို မိမိကိုယ်တိုင် ပြဌာန်းထားပြီး ဖြစ်ပြန်ပါတယ်။

လူသားနှင့် ပတ်သက်သော သက္ကဒီးရ်

ကျောက်ခဲ၊ မြေကြီး၊ ရေ၊ လေ၊ အပင်၊ တိရိစ္ဆာန်၊ လူသား- စတဲ့ အရာအားလုံးဟာ မိမိကို ပြဌာန်းပြီး ဖြစ်တဲ့ limited ထဲမှာ ရပ်တည် ရှင်သန်နေရပါတယ်။ ဘောင်ကျော်တာနဲ့ သူ့ရဲ့ ရပ်တည်မှု ဂုဏ်အင်ဟာ ဖေါက်ပြန် ပျက်စီးသွားရပါတယ်။ ဥပမာ- လူတစ်ဦးဟာ ပြင်ပကလာတဲ့ မြင်ကွင်းအတွက် မျက်လုံးနဲ့ ကြည့်စေဘို့ ပြဌာန်း ပြီး ဖြစ်ပါတယ်။ မျက်လုံးနဲ့ ကြည့်ခြင်းကို ဖီဆန်ပြီး- နှဖူးနဲ့ ကြည့်လို့ မရနိုင်ပါ။ အလားတူပဲ- လူတစ်ဦးအတွက် ပြဌာန်းပြီး ကြည့်နိုင်အား အကွာအဝေးကိုလည်း ပြဌာန်းခံထားရပြီး ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ကြည့်နိုင်အား အကွာအဝေးဟာ သိန်းငှက်တစ်ကောင်၊ စွန်တစ်ကောင် အတွက် ပြဌာန်းပေးထားတဲ့ limited လောက် မရှိဘူး လေ။ ဒါတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကဏ္ဍတစ်ခုစီအတွက် ပြဌာန်းခံထားရမှု သက္ကဒီးရ်များပါ။

ဉာဏ်အင်အား- အလားတူ အရာအားလုံးထဲမှာ- လူသား အတွက် limited ကို ပေးထားတဲ့ ဉာဏ်အားက အခြားအရာအားလုံးထက် သာလွန်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း limited က ရှိနေပြန်ပါတယ်- (၁၇း၈၅)။ ဆိုလိုတာက လူသားတစ်ဦးဟာ ဘယ်လောက် ဉာဏ်စဉ်ပွင့်ပွင့်- နောက်ဆုံး သဗ္ဗညုတ ဉာဏ် (၀ဟီယ်) ရ သည့်တိုင် သူ့ရဲ့ သိနိုင်မှုအားဟာ- အလ္လာဟ်အရှင်၏ ဉာဏ်တော်ထဲက အမှုံအမွှားလေး တစ်ခုရဲ့ အစိတ်အပိုင်း လေး တစ်ခုမျှသာ ဖြစ်ပါတယ်။

ဒီနေရာမှာ- လူကြီးမင်း ရှုပ်သွားနိုင်တာက “ဒါ ဆိုရင် (အရာရာဟာ ပြဌာန်းခံပြီး ဖြစ်နေရင်) ကျွန်တော်တို့ ဘာမှ လုပ်နေစရာ မလိုတော့ဘူးပေါ့။ သူ့ဟာသူ ဖြစ်နေတာပဲ။ လုပ်လည်း ဘာထူးမှာလဲ။” ဆိုတဲ့ သဘောလို့ ဖြစ်မနေ ဘူးလားလို့ ခံစားသွားနိုင်ပါတယ်။

အရိုးသားဆုံး ပြောမယ်- ဟုတ်ပါတယ်-၊ လူဟာ သူ့ကို ပြဌာန်းပေးမှုအတိုင်း နဂိုပကတိလူ ဖြစ်နေခဲ့ရင် ဘာမှ လုပ်နေစရာ မလိုပါ။ နဂိုပကတိ လူဆိုတာ အလ္လာဟ့်ကိုယ်စားလှယ်၊ လောကအားလုံးအတွက် သမ္မတ၊ စိုးမိုး အုပ်ချုပ်သူ ဖြစ်ပါတယ်- အလ္လာဟ်က လူကို အဲ့ဒီအတိုင် သက္ကဒီးရ် ပြဌာန်းပေးထားတယ်၊ (၆း၁၆၆)။ လူကို အကောင်းဆုံး ပုံစံနဲ့ ဖြစ်တည်ပေးထားတယ်- ၉၅း၎။ ဒီအတိုင်း နေနိုင်ရင် လူဟာ နောက်ထပ် ထူးထူးခြားခြား ဘာမှလုပ်နေစရာ မလိုပါ။

ဒါပေမယ့်- လူသားဟာ အခြားသတ္တ၀ါတွေကဲ့သို့ ခန္ဓာ ကို ပိုင်ဆိုင်တော့- အခြားသတ္တ၀ါတွေကဲ့သို့ ခန္ဓာပိုင်း ဆိုင်ရာ ပြဌာန်းခံ သက္ကဒီးရ်တွေလည်း သူ့မှာ ရှိနေတယ်။ ခန္ဓာကိုယ် ခံစားမှုကို ခံစားဘို့ စိတ်ဆိုတာလည်း ရှိနေ တယ်။ အဲ့ဒီ စိတ်က နာတယ်၊ ကျင်တယ်၊ ၀မ်းနည်းတယ်၊ ၀မ်းသာတယ်၊ စိတ်ဆိုးတယ်၊ ဒေါသဖြစ်တယ်ဆိုတဲ့ အနုမာန သက္ကဒီးရ်လေးတွေ ရှိနေတယ်။- အခြားသတ္တ၀ါတွေမှာလည်း စိတ်ရှိတယ်။ အချို့ခွေးတွေက စိတ် ကောင်းတယ်။ မကိုက်တတ်ဘူး၊ အချို့ခွေးတွေက စိတ်ဆိုးတတ်တယ်- ကိုက်တတ်တယ်၊ ရန်လိုတတ်တယ် ပေါ့။ ဒါပေမယ့် သတ္တ၀ါတွေမှာ ဉာဏ်ရည်ကို ပိုင်ဆိုင်နိုင်တဲ့ သက္ကဒီးရ်မပါတော့-၊ သူတို့ဟာ စိတ်ဆိုးလည်း စိတ် ဆိုးတဲ့ အတိုင်းပဲ- သူ့ limited လေး အတိုင်းပဲ။ လူကတော့ မရဘူး။ ခန္ဓာကိုယ်တောင့်တမှု။ တောင့်တမှု ကြောင့် ဖြစ်လာတဲ့ စိတ်- ကို ဆပွားဆပွား တိုးစေဘို့၊ မိမိမှာ သက္ကဒီးရ်အရ ပိုင်ဆိုင်ခွင့်ရှိထားတဲ့ ဉာဏ်ကို အသုံးပြုတယ်။ ကြံစည်တယ်- ဒီအခါ- လူဟာ ပကတိလူ မဟုတ်တော့ဘူးလေ။ (ဉာဏ်ကို အသုံးချခွင့် ကြံစည် ခွင့် ပေးထားတာလည်း ဉာဏ် ဆိုတဲ့ အရာအတွက် သက္ကဒီးရ် တစ်ခုပဲ။ အရာအားလုံး အတွက်ပြဌာန်းပြီး သက္ကဒီးရ်ကို ကမောက်ကမ မလုပ်ဘူးလို့ ပြဌာန်းထားတဲ့ အလ္လာဟ်ရဲ့ ပြဌာန်းချက် ၃၀း၃၀ ကို အလ္လာဟ်က မဖေါက်ဖျက်ဘူး)

မိမိရဲ့ လိုဘ အတွက် မိမိရဲ့ ဉာဏ်ကို ကြိုက်သလို သုံးခွင့်ပေးထားတဲ့ သက္ကဒီးရ်အတိုင်း လူသားက သုံးပါတယ်။ ဒီလို သုံးတဲ့အခါမှာ- မိမိဉာဏ်နဲ့ မမြင်နိုင်တဲ့- အကျိုး ကောင်းခြင်း၊ ဆိုခြင်း ဘက်ဆီကို ရွှေ့နေပါတယ်။ (လျှောက်တဲ့ဘက်ကို ခရီးရောက်စေမယ် ဆိုတာလည်း ပြဌာန်းပြီး သက္ကဒီးရ်ပါ)။ ဉာဏ်ရည် မပေးထားတဲ့ သတ္တ၀ါတွေက မိမိကို ပြဌာန်းပြီး သက္ကဒီးရ်အတိုင်း ရပ်နေတော့- သူ့မှာ ရွှေ့စရာ မရှိဘူး။ ဒါပေမယ့် လူကတော့ ရွေ့နေမယ်လေ-၊ ဒီအခါမှာ လူသားရဲ့ ဉာဏ် limited ရဲ့ အပြင်ဘက်က အကျိုးခံစားခွင့်က ဘာလဲ- လူက မသိ ပြန်ဘူး။ ဒီအခြေအနေမျိုးမှာ အလ္လာဟ်က လူကို ပစ်မထားဘူး၊ လူထဲက လူပကတိဖြစ်တဲ့ လူတွေရဲ့ ဉာဏ်ရည် သိမြင်မှုတွေကို ပြဌာန်းပေးထားတဲ့ အတိုင်း အဲ့ဒီလူတွေက တစ်ဆင့် အခြားလူသားတွေကို သတိပေးမှု သက္ကဒီးရ် ကိုလည်း ပြဌာန်းပေးပြီး ဖြစ်တယ်။ အဲ့ဒီ အခါမှာ လူသားရပိုင်ခွင့် ဉာဏ်စဉ်ထဲက အမြင့်ဆုံးကို ဆွတ် ခူးနိုင်သူတွေက အခြားလူသားတွေထက် ပိုပြီး မြင်တော့- ဒီလမ်းကို လျှောက်ရင်၊ ဒီခရီး ဒီပန်းတိုင်ကို ရောက် မယ်၊ ဟိုလမ်းကို လျှောက်ရင် ဟိုခရီး ဟိုပန်းတိုင်ကို ရောက်မယ်လို့ ပြောပေးရပါတယ်။ (ခရီး ပန်းတိုင်များ ဆိုတာက ဂျဟန္နန်၊ နဲ့ ဂျနတ် တို့ ပေါ့ဗျာ။) ဒီမှာလည်း လက်ခံရစေလို့ အတင်း ပြဌာန်းမထားဘူး- ပြဌာန်းပြီး သား အရာတွေ ရှိနေတယ်- အဲ့ဒါတွေက ဘယ်သူ့ အတွက်မှ ပြောင်းလဲပေးခြင်း မရှိဘူးလို့ အသိပေးခြင်းသာ ဖြစ်ပါတယ်။ ၁၈း၂၉ ကို ကြည့်ပါ။

အထူးသဖြင့် ကုရ်အံက သွန်သင်တာမှာ မိရိုးဖလာကို လိုက်နေရင်၊ မိရိုးဖလာမှာ ကျွန်ခံနေရင်- သူဟာ အသိ ရပ်နေမယ်။ ဒါကြောင့် ရိုးသားဖြောင့်မတ်စွာ ပြုပြင်ပြောင်းလဲမှု ခရီးမှာ လူသားဟာ ရှိနေပါလို့- ဆုံးမတယ်။ လူက သူ့ကို ပြဌာန်းပေးထားတဲ့ ရိုးသားဖြောင့်မတ်စွာ ပြုပြင်ပြောင်းလဲ နေခြင်း (ဆွာလောဟ်) ထဲကို မရပ်ချင် ဘူး ဖြစ်နေတယ်။ ဒီတော့ အသိရပ်နေတယ်။ အသိရပ်နေသည် = မတိုးတက် မဖွံ့ဖြိုး ဖြစ်သည်= တွေးခေါ်မှု ဉာဏ် ရပ်စဲ တုံးအ လာသည်= ဂျဟန္နခရီး ဖြစ်ပါတယ်။

မိရိုးဖလာ ဆိုတာ ကိုးကွယ်မှု ဘာသာတရား တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘူးနော်။ ကဏ္ဍတစ်ခုချင်းစီ အတွက် ပြောတာပါ။ ရေကို ရေလို့ပဲ သိထားသူက မိရိုးဖလာ၊ ဒီထက် တိုးတက်အောင် ရေကို ဓါတ်ခွဲပြီး ရေမှာ ပါဝင်တဲ့ အရာများကို သိအောင်ကြိုးစားသူက မိရိုးဖလာမှ ပြုပြင်ပြောင်းလဲသူ။ အဲ့ဒီ ဓါတ်ခွဲပြီးသိတဲ့ အသိမှာ ဆက်ရပ်နေသူက အချိန်တစ်ခုမှာ မိရိုးဖလာ ပြန်ဖြစ်ပြန်ရော- ခွဲခြမ်းစိတ်ဖြာ သိပြီးသား ဓါတ်များကို ဘယ်လို အသုံးပြုမယ်လို့ ဆက်စဉ်းစားသူက ပြုပြင်ပြောင်းလဲသူ အဲ့လို မြင်သွားပါ။

(ဒီလောက်ဆို သက္ကဒီးရ်ရဲ့ သဘောတရားကို ငုံမိမယ်ထင်တယ်။ မရှင်းလင်းသည်များကို ဆက်မေးပါ။)

လူကြီးမင်း၏ မေးခွန်းများအား ရှင်းလင်းချက်-

လူကြီးမင်း ကိုးကားတင်ပြသည့် ကျမ်းများမှာ (၁) ကျမ်းမြတ်ကုရ်အံ မဟုတ်ပါ။ (၂) ဘာသာပြန်များ- ဖြစ်ပါ တယ်။ ဒီအတွက် ရှင်းစရာများ ရှိနေပါတယ်။-

ကျမ်းမြတ်ကုရ်အံ မဟုတ်သော ကျမ်းများသည် လုံးဝ ဥဿုံမှန်ကန်သည်ဟု အာမခံချက်မရှိပါ။- အကြောင်းမှာ-

လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၊ ၁၄၀၀၊ ၁၃၀၀၊ စသည်ဖြင့် နှစ်များက ရေးသားခဲ့သော ကျမ်းများအား ပြန်လည် စီစစ်လျှင်- (က) စာရွက်စာတမ်း စာအုပ်၊ ပုံနှိပ်တိုက်၊ မိတ္တူကူးစက်များ မရှိသေးပါ။- (ခ) အာမခံချက် အပြည့် ထားရှိသော မူပိုင်စနစ် မထွန်းကားသေးပါ။ (သမိုင်းခေတ်တစ်လျှောက် ကမ္ဘာ့ပထမဦးဆုံး မူပိုင်ထားသည့် မှတ်တမ်းကျမ်းမှာ ကျမ်းမြတ်ကုရ်အံ တစ်အုပ်တည်းသာ ရှိပါတယ်။ ကိုယ်တော်မြတ်မုဟမ္မဒ် လက်ထက် ကတည်းက မူပိုင်ရှိခဲ့တယ်။ သမ္မတကြီး အဘူဘကရ်လက်ထက်မှာစုပြီး စာအုပ်နှစ်အုပ်အဖြစ်ရှိပြီး- နိုင်ငံတော် မူပိုင်ဖြစ်တယ်။ သမ္မတကြီးအုမာရ်က သမ္မတအဖြစ် ကျမ်းကျိန်တော့ ကျမ်းမြတ်ကုရ်အံစာအုပ်ကို ကိုင်ပြီး “ငါ သည် သမ္မတရာထူးကို ရသော်လည်း ဤကျမ်းမြတ်ကုရ်အံမှ ငါ့လက်ကျော်ခဲ့သော် ငါ့လက်ကို ဖြတ်လိုက်၊ ငါ့ ခြေကျော်ခဲ့သော် ငါ့ခြေကို ဖြတ်လိုက်၊”လို့ ကျမ်းကျိန်ခဲ့တယ်။ သမ္မတကြီး အွဆ်မာန်လက်ထက်မှာ လက်ရေးနဲ့ မိတ္တူကူးပြီး နိုင်ငံရပ်ခြားကို ပို့ပေးခဲ့တယ်။ နိုင်ငံတော်က မူပိုင်ထား အာမခံထားခဲ့တယ်။ အလွတ်ရတဲ့ ဟာဖီဇ် ပေါင်းများစွာလည်း ရှိထားခဲ့တယ်။ သမ္မတအွဆ်မန်လက်ထက်မှာ ဖတ်ပုံဖတ်နည်း အသံကိုပါ မူပိုင်လုပ်ထားခဲ့ တယ်။) ကုရ်အံ မဟုတ်သော သမိုင်းကျမ်း၊ သြ၀ါဒကျမ်းများကို သမိုင်းဆရာ၊ စာပေဆရာတော်ကြီးများက လိုက်လံ စုဆောင်းပြီး နောင်လာနောက်သားများ သိပါစေခြင်း အလို့ငှါ-သူတို့ကြားသိရခြင်းများကို သူတို့ လေ့ လာကြားသိသည့်အတိုင်း မှတ်တမ်းတင်ခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီမှတ်တမ်းများဟာ တန်ဘိုးရှိပါတယ်။ ဒါပေ မယ့် ဘယ်သူကမှ အာမခံ မူပိုင် မထားခဲ့ကြပေဘူး။ မူရင်းရေးသားခဲ့သူ ဆရာတော်ကြီးက အခြားနေရာတစ်ခု ကို မိတ္တူကူးပြီး ပို့ပေးခဲ့တဲ့ အထောက်အထား မရှိသလို၊ ဟာဖီဇ် (အလွတ်ကျက်)ပြီး ထိန်းသိမ်းပေးခဲ့တဲ့ တပည့် များလည်း ရှိတယ်လို့ သမိုင်းမှာ မရှိပါ။ ဒီလို အခြေအနေမှာ မူရင်း ဆရာတော်ကြီး ရေးခဲ့ မှတ်တမ်းတင်ခဲ့တဲ့ စာ အုပ်နဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်- ဝေးလံသော ဒေသဆီသို့ ရောက်သွားသော ဆင့်ပွားစာအုပ် လုံးဝ တူညီ နေသေးသလား ဆိုတာ ဆုံးဖြတ်ရ ခက်ခဲတဲ့ ပြသနာ တစ်ခုတည်းမှာ ပါဝင်ပါတယ်။

(၂) စာရေးသူ- မှတ်တမ်းတင်သူဟာ လူသားဖြစ်လို့၊ သူ့မှာ မွေးရာပါ ခံစားချက်၊ ဓလေ့ရိုက်ခတ်မှု၊ ပတ်ဝန်း ကျင်လွှမ်းမိုးမှုတွေ ပါတတ်ပါတယ်။ ဥပမာ ခရစ်ယာန်က အစ္စလာမ် ဖြစ်လာသူတစ်ဦးက အစ္စလာမ့်စာပေကို လေ့လာရင်-သူ့မှာ ခရစ်ယာန်အမြင်တွေ ရှိနေမှာပါ။ ဥပမာ- အလ္လာဟ် ဆိုပါတော့၊ သူက သူရင်းနှီးပြီးသား ထာဝရဘုရားပုံစံ မြင်ယောင်ခံစားနိုင်ပါတယ်။ အလားတူပဲ အာဒံကို ဖတ်လိုက်တာနဲ့ သူ့ဦးနှောက်က သမ္မာ ကျမ်းစာပါ အာဒံကို မြင်ယောင်ခံစားတော့မှာပါ။ -- အခု လူကြီးမင်း တွေ့နေတဲ့ ဟဒီးဆ်ကျမ်းပါ ခံစားချက်က ခရစ်ယာန်နဲ့ ဂျူး ခံစားချက်များဆီသို့ ယိမ်းထိုးနေကြောင်း တွေ့နိုင်ပါတယ်။

ဒါကြောင့် ဟဒီးဆ်များကို မလေ့လာမှီ ကျမ်းမြတ်ကုရ်အံကို အရင်အဦး လေ့လာပါ။ ဟဒီးဆ်နားလည်မှာ ကုရ်အံ နားလည်မှာဆိုတဲ့ သီအိုရီက ပြောင်းပြန် သီအိုရီ ဖြစ်ပါတယ်။ ကုရ်အံကို နားလည်မှ ကျန်တဲ့ ကျမ်းစာအုပ်တွေ ကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အံမှာ- အာဒံ အပြစ်လုပ်ခဲ့လို့- ကမ္ဘာ့လူသားတွေ ဒုက္ခခံရတယ် ဆိုတဲ့ original sin သီအိုရီ လုံးဝ မပါဝင်ပါ။ ပိုပြီးလေးနက်အောင်ပြောရင် အာဒံသည် ကမ္ဘာ့ပထမဆုံး လူသားဖြစ်တယ်လို့ ကျမ်းတော်မှာ တစ်လုံးတစ်ဖဲ့မှ မပါဝင်ပါ။ ကျွန်တော့ဘာသာပြန် ၂း၃၀-၃၅ ထိ ဖတ်ပါ။

ဒီတော့- ကိုယ်တော်မုဟမ္မဒ် ပြောတဲ့ စကားတိုင်းဟာ-၊ သူ့နားလည်မှု ကုရ်အံအတိုင်း ပြောခြင်းဖြစ်တယ်။ ဒါကို လိုက်ပြီး မှတ်တမ်းတင်တဲ့ လူတွေ၊ ဘာသာပြန်တဲ့ လူတွေက ပုဂ္ဂုလိက ကိုယ်ပိုင်ခံစားနားလည်မှုနဲ့ မှတ်တမ်း တင်ခြင်း၊ ဘာသာပြန်ခြင်း ဖြစ်ပါတယ်။ ပြောသူက စကားကို တည့်တည့်ပြောသော်လည်း- နားထောင်သူက သူ့ ခံစားမှုနဲ့ သူနားထောင်ပါတယ်။ ဥပမာ- ကိုယ်တော်မုဟမ္မဒ်က အလ္လာဟ်လို့ ပြောလိုက်တယ်။ ခရစ်ယာန်များက သူတို့ နားလည်ပြီးသား ခံစားချက်နဲ့ အလ္လာဟ်ကို နားလည်တယ်ပေါ့။

အခု လူကြီးမင်း တင်ပြတဲ့အပိုဒ်က- ထို့နောက်သော်မှ အသင်သည် လူသား တို့အား မိမိ၏ ပြစ်မှုကြောင့် ကမ္ဘာမြေပြင်သို့ ဆင်းသက်စေခဲ့ပါသည်။

ဆိုတာကို ခရစ်ယာန်များက original sin လို့ နားလည်မယ်။ နားလည်သလို ဘာသာပြန်ကြမယ်။ နောက်ဆုံး ဘာသာပြန် အဆင့်ဆင့်မှသည် မြန်မာဘာသာပြန်ကို ရောက်လာတော့- ဆရာတော် ဃာဇီဟာရှင်မ်ကလည်း သူနားလည်တဲ့ စကားလုံးနဲ့ တိုက်ရိုက်ပြန်မှာပဲလေ။

ကုရ်အံကျမ်းအရ အာဒံလုပ်တဲ့ အပြစ်ကို အခြားဘယ်သူမှ မခံရဘူး။ ဒါပေမယ့် ခေါင်းဆောင်က မှားရင်-အဲ့ဒီ ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ လူတွေက ခေါင်းဆောင်နဲ့အတူ မှားတဲ့လမ်းကြောင်းကို လျှောက်မိနေမှာ ပဲ။ ဒီအခါ အဲ့ဒီခေါင်းဆောင်နောက်ကို လိုက်နေသူအားလုံးက အဲ့ဒီအမှားရဲ့ အကျိုးဆက်ကို ခံရမှာပါပဲ။ ဒါကြောင့် ခေါင်းဆောင်ကို ဘုရားအဖြစ် မပူဇော်ဘို့ ၂း၂၆၅ မှာ သတိပေးထားပါတယ်။

ကုရ်အံအရ ကြည့်ရင် အာဒံဟာ မြင့်မြတ်တဲ့ နေရာတစ်ခုမှာ ရှိနေစဉ်က အသိကြီးတဲ့ လူသား တစ်ဦးသာ ဖြစ် သေးတယ်။ နဗီ အဆင့် မဟုတ်သေးဘူး။ ခေါင်းဆောင် အဆင့်ပါ။ ဒီမှာ သူဟာ မြှောက်ပင့်ပေးသူများကို နားယုံ လို့ မှားခဲ့တယ်။ မှားတော့ အဆင့်နိမ့်သွားတယ်။ (မှားရင် မှားတဲ့ ဒဏ်ကို ခံရမယ်ဆိုတာက ပြဌာန်းပြီး သက္ကဒီးရ် ဖြစ်ပါတယ်။-အာဒံကြောင့်ရယ်လို့ အထူးချွင်းချက်နဲ့ သက္ကဒီးရ်ကို ပြောင်းပေးခြင်း မရှိဘူး)။ အဲ့ဒီ နောက်မှာ အလ္လာဟ်အရှင်က နဗီအဖြစ် အဆင့်မြှင့်ပေးပြီး- အသိပေးတယ်။ အဲ့တော့ သူက ပြန်ပြင်တယ်။ ခေါင်းဆောင်က မှန်သွားရင် နောက်လိုက်များလည်း လမ်းမှန်ကို ရောက်မှာပါ။

သူက ကိုယ်တော်မူဆာကို ပြန်ပြောတဲ့ စကားထဲမှာ နှစ်ပေါင်းလေးဆယ်ဆိုတာ နမူနာ ပြန်ပေးတာပါ။ ကိုယ် တော်မူဆာရဲ့ နောက်လိုက်တွေဟာ လမ်းမှားနေတဲ့ ခေါင်းဆောင်ကို လက်ခံထားတယ်။ (ကိုယ်တော်မူဆာ- ရှိနေလျှက်နဲ့ အခြားသော စာမရီကဲ့သို့ မိရိုးဖလာ ခေါင်းဆောင်တွေကို လက်ခံထားတယ်။ ကိုယ်တော် မူဆာကို တောင် အသိအမှတ်မပြုဘူး။) အဲ့ဒီ ခေါင်းဆောင်မှား နောက်ကို လိုက်မိတဲ့ အကျိုးဆက်က နှစ်ပေါင်း လေး ဆယ်- ဒုက္ခခံရမယ်လို့ ပြောခြင်းဖြစ်တယ်။ ၅း၂၆။ ခေါင်းဆောင်မှားကို လိုက်မိလို့ လိုက်မိတဲ့ အလျှောက် ခရီး ကျွံခဲ့တာ နှစ်ပေါင်းလေးဆယ်စာ ဒုက္ခခရီးကို ရောက်နေပြီလေ။ ဥပမာ- ရေထဲကို ဆင်းသွားရင်း တစ်ဖြေးဖြေး ရေက နစ်လာတော့- ပေလေးဆယ် အနစ်ကို ရောက်နေပြီ ဆိုပါတော့-၊ အမှန်ကို ပြန်မြင်ပြီး ကုန်းပေါ်ကို ရောက်ဘို့ နှစ်လေးဆယ် နောက်ကြောင်းပြန်လှည့်ရမယ်ပေါ့။

ဒီမှာ ရေရဲ့အနက်၊ ဒုက္ခရဲ့ပမာဏများက နဂိုကတည်းက ပြဌာန်းပြီး ဖြစ်တယ်။ ပြဌာန်ြး့ပီး ဖြစ်ခြင်းကို ဘယ်သူ ကမှ ဖျောက်ဖျက်လို့ မရဘူး။ ဒါဟာ သက္ကဒီးရ်ပဲလေ။ ဒါပေမယ့် နဗီတွေက လမ်းမှန်ကို မြင်တော့ သတိပေး တယ်။ နဗီတွေ စကားကို နားထောင်တဲ့ လူတွေက အမှန်ဘက်ကို ပြန်လာတယ်။ သူတို့က ဒုက္ခကို နှစ်လေး ဆယ်နဲ့ ဆပ်လိုက်ရတယ်- ကြေသွားတယ်ပေါ့။ နားမထောင်တဲ့ လူတွေက ဒုက္ခထဲမှာ ဆက်နစ်မယ်။ နစ်သည် ထက်နစ်မယ်- ဒါပဲပေါ့။

ဒီလို အခြေအနေမှာ- နားထောင်ခြင်း၊ နားမထောင်ခြင်းဟာ သာမန်နားလည်တဲ့ သက္ကဒီးရ် မဟုတ်ဘူး။ လူ သားမှာ ကိုယ်ပိုင် ပြဌာန်းခွင့် သက္ကဒီးရ် ဖြစ်တယ်။ ဆင်ခြင်ခွင့် ဉာဏ် (ကိုယ်ပိုင်ပြဌာန်းခွင့် သက္ကဒီးရ်) ကိုလည်း လွတ်လပ်ခွင့်ရှိတဲ့ သက္ကဒီးရ်နဲ့ ထပ်မံပြဌာန်းပေးထားကြောင်း ၁၈း၂၉ မှာ ကြည့်ပါလို့ ပြောခဲ့ပြီးသားပါ။

ဒီလောက်ဆို- လူကြီးမင်း နားလည်လောက်မယ်ထင်ပါတယ်။ (နားမလည်သည်များ၊ စောဒက၀င်ဘွယ် ရှိသည် များကို လွတ်လပ်စွာ ပြန်လည် ဆွေးနွေးပါ။)

လေးစားစွာဖြင့်
ဌေးလွင်ဦး

0 comments:

Post a Comment